ဝက်၏ သွေး၊ အရိုး၊ အသားနှင့် အဆီ မွေးမြူရေး (နည်းသစ်စွယ်စုံ မှကူးယူဖော်ပြသည်)
တိရစ္ဆာန်များ မွေးမြူရာတွင် သက်တမ်းအလိုက် အစာပြောင်းကျွေးသွားရသည်ကို မွေးမြူသူ အများသိကြပါသည်။ သို့သော် ဝက်မွေးမြူသူ အများက လူနေအိမ်နှင့် စားသောက်ဆိုင် များမှ စားကြွင်းစားကျန်များကို ၊ ဝက်စာအဖြစ် စုဆောင်း ကျွေးကြရာတွင်၊ ဝက်၏ သက်တမ်းအလိုက်လိုအပ် သောအစာများမပြောင်း နိုင်ဘဲ၊ သက်တမ်းမတူသော ဝက်အားလုံးကို ပုံစံ တစ်မျိုးတည်း ကျွေးကြသည်။ ဤသို့ အစာကျွေးခြင်းဖြင့်၊ သက်တမ်းအလိုက် လိုအပ်သော အာဟာရများကို မရသဖြင့် ဝက်များ၏ ကြီးခြင်း၊ ဖွံ့ဖြိုးခြင်းကို ထိခိုက်ရုံမက၊ ကျန်းမာခြင်း ကို ထိခိုက်ခြင်းမှသည် ဖျားနာသေဆုံးရသည့် အဖြစ်မျိုးအထိ ကြုံတွေ့ရသည်။ ဝက်မွေး မြူသူများအနေဖြင့်၊ ဝက်၏ သက်တမ်းအလိုက်လို အပ်သော၊ အစာများကို မှန်ကန်စွာ ကျွေးနိုင်ပါက အကျိုးကြီးစွာ ဖြစ်ထွန်းနိုင်ပါသည်။ဝက်၏ ဘဝအစနှင့် သဘာဝ
တိုးတက်သော ဝက်မွေးမြူရေးအမြင်ရှိသူများသည် ဝက်၏သက်တမ်းကို ဝက်မွေးချိန်မှစ၍ မမှတ်ကြပါ။ မိခင်ဝက်မကြီး၌ ပဋိသန္ဓေစတည်သည့် အချိန်မှစ၍ မှတ်ကြပါသည်။ ဝက်မများ၏ ပဋိသန္ဓေတည်သည့် ရက်ကို ၁၁၃-ရက် သို့မဟုတ် ၁၁၄-ရက်ဟု သတ်မှတ်ကြသည်။ ဝက်များကို သားတင်ရာတွင် အရွယ်ရောက်ပြီး ကျန်းမာသော ဝက်မနှင့် ဝက်ထီး ကိုသာ အသုံးပြုရသည်။ ဝက်သိုးအငှားလိုက်သူများက တစ်ရက်အတွင်း ဝက်မ ၄၊ ၅ကောင်ဖြင့် လိုက်စေခြင်းမှာ မှန်ကန်ခြင်းမရှိပါ။ ဝက်သိုးတစ်ကောင်သည် တစ်ရက်အတွင်း ဝက်မ တစ်ကောင်သာ လိုက်သင့်သည်။ ပထမအချီ လိုက်ရုံနှင့် ရလဒ်ကောင်းမရနိုင်။ ဝက်ကလေးအရေအတွက် ကောင်းစွာရရှိရန်၊ ပထမအကြိမ်လိုက်စေပြီး ၁၂နာရီအတွင်း ဒုတိယ အကြိမ် ပြန်လိုက်ရန် လိုအပ်သည်။
ဝက်များတွင် အလွန်ထူးခြားသော ပင်ကိုယ်သဘာဝတစ်မျိုးရှိသည်။ ဝက်များသည် ဗီဇအား ဖြင့် သွေးအားနည်းသော ရောဂါရှိကြသည်။ ဤသို့ သွေးအားနည်းသော ရောဂါမှာ သံဓာတ်ချို့တဲ့ခြင်း ကြောင့် ဖြစ်သည်။ တိုးတက်သော အမြင်ရှိသည့် ဝက်မွေးမြူသူများက၊ ဝက်ကလေးများ မမွေးဖွားမီ သံဓာတ်ချို့တဲ့မှု မဖြစ်အောင် ကြိုတင်လုပ်ဆောင် ချက်များပြုလုပ်ထားကြသည်။ ပထမနည်းမှာ သန္ဓေတည်စ ဝက်မကြီးအား၊ သံဓာတ်ကြွယ်ဝသော ကြက်ဟင်းခါးသီး၊ ကြက်ဟင်းခါးရွက်၊ ဒန့် ဒလွန်ရွက်၊ ကြိတ်မှန်ရွက် များကို ကျွေးထားသည်။ အချို့က သံဓာတ်ပါသော ဖဲရပ်စဆာလ်ဖိတ်ခေါ် သံဒုတ္ထာကို အစာအတွင်းအနည်းငယ် ထည့်ကျွေးခြင်း၊ အချို့က သံဓာတ်ပါသော ထိုးဆေးများကို ဝက်မကြီး အား ၃၊၄ကြိမ် ထိုးပေးခြင်းများ ပြုလုပ် ကြသည်။
သံဓာတ်ဖြင့် သွေးကို မွေးခြင်း
သာမန်ဝက်ကလေးများ မွေးဖွားလာရာတွင် ကြိုတင်ပြီး သံဓာတ်ရရှိအောင် ပြုလုပ်မထားပါက၊ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းသည့် အခြေ အနေမျိုး မလွဲမသွေရောက် ရှိရသည်။ သွေးအားနည်းခြင်းကြောင့် ဝက်ငယ်များ၏ အင်္ဂါ ၂-မျိုးတွင် ရောဂါစဝင်သည်။ ထိုအင်္ဂါ ၂-မျိုးမှာ နှာခေါင်းနှင့် စအိုဝဖြစ်သည်။ ထိုအင်္ဂါ ၂မျိုးတွင် ရောဂါကျ ရောက်မှုနှုန်း များသောကြောင့် အချို့သောစာအုပ်များမှာ ထိုအင်္ဂါ နှစ်မျိုးကို ပူးတွဲ၍ ဖော်ပြတတ်ကြသည်။ နှာခေါင်းတွင် ကျရောက်သောရောဂါမှာ အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းဖြစ်ပြီး၊ စအိုဝ တွင် ကျရောက်သော ရောဂါမှာ ဝမ်းပျက်ခြင်းပင်ဖြစ်သည်။ ဤအင်္ဂါနှစ်မျိုး၌ ကျရောက်သော ရောဂါ၏ အရင်းအမြစ်မှာ သံဓာတ်ချို့တဲ့ခြင်း ကြောင့် ဖြစ်ရသော သွေးအားနည်းရောဂါဖြစ် သည်။ ထို့ကြောင့် ဝက်ကလေးများ မွေးဖွားပြီးစတွင်၊ မွေးမြူသူများသည် မိမိတို့၏ ဝက်ကလေးများ သံဓာတ်မချို့တဲ့စေရန်၊ ကြိုတင်ကာကွယ်မှုများ၊ ပြုလုပ်ရန် အထူးလိုအပ်ပေသည်။ အချို့က သံဓာတ် နှင့် ဗီတာမင်ဘီ၁၂ ထိုးဆေးကို အသုံးပြုကြသည်။ ဝက်ကလေးတစ်အုပ်အတွက် ထိုးဆေး ၅၀-စီစီ တစ်ပုလင်းဆိုလျှင် လုံလောက်ပါသည်။ ဝက်ကလေးများ မွေးပြီး ဒုတိယရက်မှစ၍ ထိုးနိုင်သည်။ ၅-စီစီ တစ်ခါသုံးဆေးထိုးပြွန်ဖြင့် ဆေး၂-စီစီကို စုပ်ပြီး ဝက်ငယ်၏ နားရွက်အနောက် အသားခုံတွင် ထိုးပေးနိုင်သည်။ အကယ်၍ ထိုးဆေးရည်များ မကုန်သေးပါက နောက် ၃,၄ ရက်တွင် တစ် ကြိမ်ထပ်ထိုးပေးနိုင်ပါသည်။ ဤသို့ဖြင့် ဝက်သားတစ်အုပ်တွင် ထိုထိုးဆေး ၅၀-စီစီ ကုန်သည်အထိ အသုံးပြုနိုင်ပါသည်။ မွေးကင်းစ ဝက်ငယ်ကလေးများ သံဓာတ်ရရှိရန်ပြုလုပ်သော အခြားနည်းများလည်း ရှိပါသေးသည်။ အချို့က ဖဲရပ်ဆာလ်ဖိတ်ဟုခေါ်သော သံဒုတ္ထာကို သနပ်ခါးကဲ့သို့ ပျစ်ပျစ် အရည်ဖျော်ပြီး ဝက်မကြီး၏ နို့သီးများတွင် သုတ်လိမ်းထားသည်။ ဝက်ကလေးများ နို့စို့သောအခါ ဝက်မကြီး၏ နို့သီးများတွင် ရှိနေသော သံဒုတ္ထာ များ၊ ဝက်ကလေးများ၏ အစာလမ်းကြောင်း အတွင်း ရောက်ရှိသွားမည်ဖြစ်သည်။ အချို့ကလဲ ကြက်ဟင်း ခါးရွက်၊ ကြိတ်မံရွက်၊ ဒန့်ဒလွန်ရွက်တို့၏ သတ္ထုရည်ကို ဝက်ကလေးများအား တိုက်ကျွေးခြင်းဖြစ်သည်။ ထိုအရွက် တစ်မျိုးမျိုး၏ သတ္ထုရည်ကို အပ်ဖြုတ်ထားသော တစ်ခါသုံးဆေးထိုးပြွန်ဖြင့် စုပ်ယူပြီး၊ ဝက်ငယ်တစ်ကောင်စီ၏ ပါးစပ်အတွင်း ၅-စီ စီ ခန့်ထည့်ပေးခြင်းဖြစ်သည်။ ဤသည်မှာ ဝက်ကလေးများ၏ ဘဝအစ၌ပင် မလွဲမသွေလိုအပ် သောအာဟာရတစ်မျိုးဖြစ်သည့် သံဓာတ်ဖြင့်၊ သွေးကို မွေးမြူပေးခြင်းဖြစ်သည်။ ဝက်ငယ်အများ ပျက်စီးတတ်သော အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ဝမ်းပျက်၊ ဝမ်းလျောခြင်းကို ကြိုတင်ကာကွယ်ခြင်း ဖြစ်သည်။
ကယ်လ်စီယမ်ဖော့စဖိတ်ဖြင့် အရိုးကို မွေးခြင်း
ဝက်ငယ်ကလေးများကြီးထွားမှုတွင် အခြားလိုအပ်သော အာဟာရဓာတ် ၂-မျိုးမှာ၊ ကယ်လ်စီယမ်ခေါ် ထုံးဓာတ်နှင့် ဖော့ပရပ်စ်ခေါ် မီးစုန်းဓာတ်ဖြစ်သည်။ ထိုဓာတ် ၂မျိုးမှာ အရိုးကြီးထွား ဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်သော ဓာတ်၂ မျိုး ဖြစ်သည်။ နို့စို့ကာလတွင် ထုံးဓာတ်ကို နို့၊ သို့မဟုတ် နို့မှုန့်များမှ ရရှိနိုင်သည်။ အချို့က လူများပင် မသောက်နိုင်သော နို့၊ နို့မှုန့်များကို ဝက်ကလေး များအား တိုက်ကျွေးခြင်း အဓိပ္ပာယ်မရှိဟု ယူဆကြသည်။ ဝက်မကြီးထံမှ ဝက်ကလေးအားလုံး၊ လုံလောက်သော နို့ပမာဏမရရှိလျှင် ဝက်ငယ် ကလေးများ၏ ကြီးထွားဖွံ့ဖြိုးခြင်းနှင့် ကျန်းမာရေး ကို ထိခိုက်စေနိုင်သည်။ ဤကာလတွင် နို့နှင့်နို့မှုန့် များ အကူဆောင်းပေးခြင်းဖြင့်၊ ဝက်များ၏ ကြီးထွားဖွံ့ဖြိုးရေးနှင့် ကျန်းမာခြင်းကိုများစွာ အထောက်အကူ ဖြစ်စေနိုင်ပါသည်။ စီးပွားရေးအရလည်း အလွန်တွက်ခြေကိုက်ပါသည်။ ယခုအချိန်တွင် သာမန်နို့ခွဲဝက်ငယ် တစ်ကောင်၏ တန်ဖိုးသည်ကျပ် သုံးသောင်း၊ လေးသောင်းခန့်ရှိပါသည်။ အာဟာရမလုံလောက်ခြင်းကြောင့် ဝက်ငယ်တစ် ကောင်သေဆုံးသွားလျှင် ငွေ ၃,၄သောင်း ဆုံးရှုံး သွားပေမည်။ ဝက်သားတစ်အုပ်အတွက် နို့ သို့မ ဟုတ် နို့မှုန့် ၁သောင်းခွဲ၊ နှစ်သောင်းဘိုး ကုန်ကျခံလိုက်လျှင်၊ စီးပွားရေးအရ အကျိုးများစွာ ဖြစ်ထွန်း စေပါမည်။ အကုန်ခံထိုက်သော ရင်းနှီးမှုတစ်ရပ်သာဖြစ်သည်။ မြန်မာနိုင်ငံ တွင် ဝက်ငယ်များ၏ သက်တမ်းတစ်လခွဲ(၄- ၅ရက်) မှာ နို့ခွဲကြပါသည်။ ထိုအချိန်အထိ အနည်းဆုံး မိခင်နို့သာမက နို့နှင့် နို့မှုန့်များကို အကူဆောင်းပေးသင့်သည်။ မီးစုန်း ဓာတ်ရရှိရန် ကား ကယ်လ်စီယမ်ဖော့စဖိတ် ဓာတ်ဆားကျွေးရန်လိုသည်။ နို့ခွဲပြီး အစာစားစအချိန်တွင် အစာကြေလွယ်သော ငါးကလေးခြောက်များ (သဲခြောက်)၊ ပုဇွန်ဖွဲ၊ ငါးခြောက်ဖွဲများ ကို ကျွေးပေး နိုင်သည်။
အပင်နှင့် တိရစ္ဆာန် ပရိုတင်းများဖြင့် အသား မွေးခြင်း
ဝက်များ၏ တတိယမွေးခြင်းအဆင့်မှာ အသားမွေးခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် နို့ခွဲ ချိန်ကာလ ဖြစ်သည်။ ပဲဖတ်၊ နှမ်းဖတ် ကဲ့သို့အစာများမှာ အပင်ပရိုတင်း ဓာတ်ကြွယ်ဝသော အစာများဖြစ်သည်။ ငါး၊ ငါးခြောက်၊ ပုဇွန်တို့မှာ တိရိစ္ဆာန်မှရသော ပရိုတင်းများဖြစ်သည်။ ဝက်များ ကြီးထွားနှုန်းကောင်းရန်၊ အပင်မှသော်လည်း ကောင်း၊ တိရစ္ဆာန်မှသော်လည်းကောင်း ရရှိသော ပရိုတင်းတစ်မျိုးတည်းကို မကျွေးဘဲ၊ အပင်နှင့် တိရစ္ဆာန် အမျိုးမျိုးမှ ရရှိနိုင်သော ပရိုတင်းများကို အားထားကျွေးရမည့်ကာလဖြစ်သည်။ အကယ်၍ ဝက်၏သက်တမ်းကို ၁၀လမှ ၁၅-လအတွင်း အသားအတွက် ရောင်းချပါက ဝက်၏ သက်တမ်း ၇-လ၊ ၈-လအထိ အသားမွေးပေးရန် လိုအပ်သည်။ ထို့ပြင် ပရိုတင်းများကို လည်း အမျိုးအစား အသေသတ်မှတ် မထားဘဲ ဒေသအလိုက်၊ ရာသီ အလိုက် ဈေးသက်သာစွာရရှိနိုင်သော ပရိုတင်းမှ ရယူရန်လိုအပ်သည်။ ခရု၊ ယောက်သွား၊ ဂဏန်း နှင့် လူစာအဖြစ် အသုံးမပြုနိုင်သော ပရိုတင်းများကို ဝက်စာအဖြစ် အသုံးပြုသင့် ပေသည်။
ကစီဓာတ်၊ ရေနှင့် အချိုဖြင့် အဆီမွေးခြင်း
အသားချိန်အတွက် ဝက်မွေးမြူသူများသည်၊ ကတ္တားတင်တော့မည့် နောက်ဆုံးအဆင့်တွင် ဝက် အလေးချိန်ထိုးရန်၊ ‘ဝ’စေရန် ကြိုးပမ်းကြသည်။ ဝက်ကို ‘ဝ’စေသော အစာများမှာ ကစီဓာတ်ကြွယ် ဝသော ဆန်ကွဲ၊ ပီလောပီနံ ကန်စွန်းဥ၊ ပြောင်းစ သည်တို့ဖြစ်သည်။ ရေမှာလည်း ဝက်ကို ‘ဝ’စေသည်။ ဝက်များသည် ရေကို မည်မျှလွယ်ကူစွာ ရရှိနိုင်သည်ဖြစ်စေ၊ မိမိတို့ အမှန်တကယ် သောက်နိုင်သော ပမာဏထက်များစွာ လျော့သောက်ကြသည်။ ဝက်မွေးမြူသူများအနေဖြင့် မိမိတို့ဝက်ကို ရေ ၄-၅ဆ အထိ ပိုသောက် အောင်ပြုလုပ် နိုင်သည်။ ဝက်ဆာသောအခါ၊ အစာတောင်းသောအခါ၊ အစာအနည်းငယ်ပါသော ရေများများတွင် ဖျော်ထား သည့် အစာရည်ကိုတိုက်ပါက ဝက်များ ရေပိုသောက်ကြရသည်။ မျှင်ငပိအချို၊ အငန်၊ ဝက် ကြိုက်သောအစာ တစ်မျိုးကို ရေများများတွင် ဖျော်ကျွေးခြင်းဖြင့် ဝက်များကို ရေပိုသောက်စေသည်။ ဝက်များ၏ အလေးချိန် တိုးရန် ‘ဝ’လာရန် အချိုကျွေးကြသည်။ အချိုစာအများ မှာ ဈေးကြီးသည်ဟု ယူဆရသော်လည်း ထိုအချိုစာများသည် ဝက်ကို ခံတွင်းမြိန်စေသည်။ ‘ဝ’စေသည်။ ထို့ကြောင့် ဝက် ‘ဝ’ရန် အချိုကျွေးခြင်းမှာ စီးပွားရေးအရ တွက်ခြေကိုက် ပါသည်။ ထန်းလျက်၊ သကာရည်၊ ကြံသကာ စသောအချိုတစ်မျိုးမျိုးကို ဝက်တစ်ကောင်၊ ပမာဏအနည်းငယ်၊ နေ့စဉ်ကျွေးခြင်းဖြင့် ဝက်ကို ကောင်းစွာ ‘ဝ’ စေမည်ဖြစ်သည်။
ဝက်မွေးမြူသူများအနေနှင့် အချိန်သည်ငွေ ဖြစ်သည်ကို သဘောပေါက်ကြပါသည်။ ဝက်များ ကို အချိန်ကာလအတိုဆုံးအတွင်း၊ အလေးချိန် အများဆုံး ရရှိရန်၊ ကြိုးပမ်းကြရ ပါသည်။ ဝက်ငယ်များကို ပဋိသန္ဓေတည်စမှ၊ ကတ္တားတင်သည့် အချိန်အထိ၊ လျင်မြန်စွာကြီးထွားရန် လိုအပ်ပါသည်။ အဆီမွေးသော နောက်ဆုံးအဆင့်တွင် ဝက်များ၊ ကိုယ်လက် လှုပ်ရှားမှုကို လျော့အောင်ပြုလုပ်ကြသည်။ ဝက်များမှာ မတ်တပ်ပင်မထဘဲ အချိန်ကာလများစွာတွင် လဲလျောင်းနေစေသည်။ ဝါး၊ သစ်သားကြမ်းခင်းတွင် မွေးသော ဝက်များ၊ ပြေး လွှားလှုပ်ရှားမှု မပြုနိုင်ရန် အချို့က သစ်သား၊ ဝါး အချို့ကို ဖြုတ်ထားတတ်ကြသည်။
ထီးမူးပါ(ဘဲဂယက်)