ဒေသန္တရ ကြက်မွေးမြူရေး (နည်းသစ်စွယ်စုံမှကူးယူဖော်ပြသည်)
နည်းသစ်စွယ်စုံ အမှတ်(၂)မှာ ဆရာဒေါက်တာရဲမြင့်(တိ မွေး/ကု)က တိုင်းရင်းကြက်မွေးမြူရေး မိတ်ဆက်ဆိုပြီး ဆောင်းပါးရေးခဲ့ ပါတယ်။ ဒီအခါမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ် ဆယ်ကျော် လောက်က ကျွန်တော် ကိုယ်တိုင် ဦးစီးခေါင်းဆောင်ပြီး အဖွဲ့သား လေးငါးခြောက်ယောက်နဲ့ စုပေါင်းလုပ်ခဲ့တဲ့ ဒေသန္တရ ကြက်မွေး မြူရေးကို ပြန်သတိရမိပါတယ်။ အဲဒီအခါက ဥစားကြက်မွေးမြူရေးတွေ ခေတ်ထတဲ့ အချိန်ပေါ့။ လူတွေကလည်း နိုင်ငံခြား ဥစားကြက်တွေကို ခေတ်မီနည်း စနစ်တွေနဲ့ မွေးရင် စီးပွားဖြစ်မယ်လို့ တွက်ပြီး ခြံတွေ ဆောက်၊ ကြက်တွေမွေး လုပ်ကြပါတယ်။ နောက်ပိုင်းတော့ အသားတိုး စီပီကြက်တွေ မွေးကြပါတယ်။ကျွန်တော်လေ့လာကြည့်တော့ အဲဒီအလုပ်က တယ်လက်ဝင်တာကလား။ ကနဦးကုန်ကျစရိတ် ကလည်း မနည်းမနောပါပဲ။ လေဝင် လေထွက်နဲ့ နေရောင် အတက်အကျ မိုးလေ အခြေအနေ ကြည့်ပြီး ခြံရှည် ခြေတန်မြင့်ကြီးတွေဆောက်၊ သားပေါက်တွေ ဝယ်သွင်းနိုင်ဖို့ ကြမ်းခင်း၊ ဖွဲခင်း၊ မီးအုပ်ဆောင်း၊ လျှပ်စစ်မီး၊ သောက်ရေခွက်၊ အစာခွက် တွေပြင်၊ အစာလှောင် ရုံတွေလုပ်၊ တစ်ခြံကို အလုပ်သမား နှစ်ယောက်လောက် ထားပြီး လုပ်ကြတော့ တာကိုး။ ကြက်ပေါက်တွေ သွင်းပြီး၊ မွေးကြပြီ ဆိုတော့ ကြက်ကလေးစာ၊ ကြက်ကြီးစာ ဆိုတာတွေ ဝယ်ကြ၊ သိုကြ၊ ကျွေးမွေးကြရပြန်ရော။ တိရစ္ဆာန်ဆရာဝန် တွေနဲ့ ဆေးထိုး၊ ခြံဝန်းကျင် ဆေးဖျန်း၊ သန့်ရှင်းရေး စတာတွေလည်း သူ့ရက်နဲ့သူ အချိန်ကိုက် လုပ်ကြရတယ်။ အထီးအမ ကွဲပြားတဲ့အခါ၊ အထီးတွေကို အသားထုတ်ဖို့ အတွက် စီမံကြရပါတယ်။ အမတွေ ဥစမ်းပြီး တကယ်တန်း ဥလာတဲ့ အခါမှာတော့ ဥ ကောက်ပြီး ဈေးကွက်ပို့ ကြရပါ တယ်။ နေ့စဉ်ကို ပိုငွေမြင်ကြရပေမယ့် လုံးလည်လိုက်နေတာပါပဲ။ တကယ်တမ်း အရင်းကျေ သလား။ အမြတ်ထွက် သလားမပြောနိုင်ပေမဲ့ ခြံလုံးကျွတ် ပြုတ်ပြုတ်ပြုန်း သွားတာ တွေတော့ တွေ့ဖူးပါတယ်။
စီးပွားဖြစ်မွေးကြပြီဆိုတော့ ဘောဂဗေဒနည်းတူ တွက်ချက်ရမယ့် ကိန်းတွေ အလိုအလျောက် ဝင်လာပါတယ်။ မတည်ရင်းနှီး အသုံးစရိတ်၊ Capital investment၊ Capital Expanditure ရယ်၊ လည်ပတ် အသုံးစရိတ်၊ သာမန်စရိတ် ဆိုပါတော Running capital၊ Current expanditure တွေကို တွက်ကြရ ပါတယ်။ အဲဒီမှာ သေချာတာကတော့ ကြက်ခြံ တစ်ခုဟာ ဆောက်ပြီးပြီ ဆိုရင် ဆောက်လုပ်ရေးသုံး ဝါး၊ ထရံ၊ ဓနိတွေဟာ သုံးကုန် ပစ္စည်းဖြစ် သွားတာပဲ။ ပြန်ရစရာ ဆိုလို့ တိုင်နဲ့တန်း လောက်ပဲ အောက်ဈေးနဲ့ ရောင်းပြီး ငွေအနည်း အကျဉ်း ပေါ်နိုင်တယ်။ သစ်ရိုင်းပါ သလောက်ပဲ ပြန်ရမယ်။ လည်ပတ်ရင်းနှီး မြှုပ်နှံတဲ့အထဲက ဥနှုန်းကျတဲ့ ကြက်မတွေကို အသားဈေးနဲ့ ထုတ်လို့ရမယ်။ ခြံကျွတ် အသစ်လဲမယ်ဆိုရင် ရှိသမျှကြက်ကို အသားဈေး၊ အလုံးဈေးနဲ့ ငွေပြန်ဖော် လို့ရမယ်။ ပြီးရင် အထီး အမခွဲတုန်းက ပါလာတဲ့ ရောရာ ကြက်ဖတွေကို အသားဈေးနဲ့ ရောင်းလို့ ရတာရှိမယ်။ ပြီးရင်တော့ နေ့စဉ် ကြက်ဥရောင်း ရငွေပေါ့။ ဒါက ဝင်ငွေပြန်ရ ချက်ပဲ။
လည်ပတ်ရင်းနှီးငွေ၊ သာမန်စရိတ်ကို ကြည့်ရင် အဓိကကျတဲ့ တိရစ္ဆာန်အစာ၊ ကြက်စာနဲ့ ဆေးဖိုး၊ ဆေးဝါးကုသ စရိတ်က အဓိကပဲ။ ကျန်တာက သယ်ယူပို့ ဆောင်စရိတ်၊ ခြံလုပ်သားစရိတ်၊ ရေမီး စရိတ်ဆိုတဲ့ ထုတ်လုပ်မှု၊ အုပ်ချုပ်မှု ကုန်ကျစရိတ် တွေပါပဲ။ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်ဆိုသလို မဖြစ်မနေ သုံးရတဲ့ စရိတ်တွေ ပါတဲ့အပြင် အဆောက် အအုံ၊ ရေမီးပြင်ဆင် ထိန်းသိမ်း စရိတ်တွေက ရှိပါသေးတယ်။ အလုံးအရင်း အလိုက် ဝင်ငွေနဲ့ ထွက်ငွေကို ချိန်ကြည့်ရင် ကြက်စာနဲ့ ကြက်ဥဈေးပဲလို့ ဆိုရမယ်။ အဲဒီနှစ်ခုလုံးက ကိုယ်မပိုင်ဘူး။ ဈေးကွက် အလိုအတိုင်း ဖြစ်နေတာ။ ကြက်ဥဈေးကို ကိုယ်က သွားကိုင်လို့မရသလို အစာဈေးကိုလည်း ကိုယ်က ဖြတ်လို့မရဘူး။ တစ်ခုပဲရှိတယ်။ အစာလျှော့ မလား၊ ရောမလား၊ အစာစိမ်း ကျွေးဖို့လိုရင် ကိုယ်တိုင် ဖန်တီးမလား၊ ဒါကိုပဲ စဉ်းစားရပါမယ်။ အစာမနိုင်ရင် ဥနှုန်းကျမယ်ဆိုတဲ့ ခြိမ်းချောက်မှု ကလည်း ရှိသေးတယ်။ အစာဈေးနဲ့ ဆေးဖိုးက ခေါင်ခိုက်ပြီး ကြက်ဥဈေးက ကျနေရင် မွေးမြူရေး သမားအဖို့ အကျပ် အတည်း ဆိုက်တော့ တာပါပဲ။ ကျွန်တော်ဖြင့် ကြက်ခြံ ပိုင်ရှင်နဲ့ ဥစားကြက်သမား တွေကိုကြည့်ပြီး ရင်မောမိခဲ့ ပါတယ်။
ဒီမှာတင် ဒေသန္တရကြက်မွေးရင် မဖြစ်ဘူးလားဆိုတဲ့ အတွေးက ခေါင်းထဲဝင်လာပါတယ်။ ကျွန်တော်ဟာ အသက်နှစ်ဆယ်ကျော် ကတည်းက မြန်မာပြည် အနှံအပြား တောင်ပေါ် မြေပြန့် အစွန် အဖျားဒေသ တွေပါ မကျန်ရောက်ခဲ့ ဖူးတာဖြစ်ပါတယ်။ ရွာကြီး၊ ရွာငယ်၊ ရွာသိမ်၊ ဇနပုဒ် အစုံပါပဲ။ သာမန် ကျေးလက်တော ရွာမဆိုထားနဲ့ အညိုရောင်၊ အနက်ရောင်နယ် မြေမှာတောင် ကြက်တွန်သံကြား ခဲ့ဖူးပါရဲ့။ တောင်ပေါ် တိုင်းရင်းသားရွာ တချို့မှာတော့ ကြက်ကို နတ်ကိုးဖို့ အတွက်ပဲ အကောင်လှ လှဖြူဖြူ ချောချောတွေ မွေးကြ ပါတယ်။ အများအားဖြင့် ရွာတွေမှာ ကြက်မွေးတာကတော့ တစ်နိုင် တစ်ပိုင်၊ အရေးပေါ် ဟင်းစား အတွက်ပဲ မွေးကြတာပါ။ တစ်အိမ် တစ်အိမ်ရှိ လှ လေးငါးခြောက်ကောင်ပေါ့။ ပြောချင်တာက မြန်မာ့ကျေးလက် မွေးမြူရေး ယဉ်ကျေးမှုမှာ ကြက်ဟာ နေရာတကာမှာ တွေ့ရ တတ်တယ် မရှိမဖြစ် ကျေးလက်ကြက် ဆိုပါတော့။ ရွာနီးချုပ်စပ်ကပဲ ဝယ်လို့ဖြစ်ဖြစ် ငါးရက်တစ်ဈေး၊ မြို့ဈေးက ဆွဲလို့ပဲဖြစ်ဖြစ် ကြက်ဖ တစ်ကောင်နဲ့ မဒန်းကြက်မ သုံးလေးကောင်တော့ ဝယ်ကြချမ်းကြ မွေးမြူကြပါတယ်။ တစ်ရက် နှစ်ရက်လောက် အိမ်တိုင်မှာချည်၊ ဆောင်းနဲ့အုပ်၊ ဆန်ကွဲလေး ဆန်လေး ကျွေးထားပြီး တဲ့နောက် အိမ်ကြက်ဖြစ် သွားတာပါပဲ။ ခြံထဲဝင်းထဲ၊ ကိုယ့်အိမ် ဝိုင်းထဲမှာ အိမ်ရှင်က ထမင်းကျန်၊ ဟင်းကျန်ချကျွေးရင် စားတယ်။ မကျွေးရင်လဲ ကိုယ်ဟာ ကိုယ်ယက်လို့ ရှာလို့စားတယ်။ ဒီလိုနဲ့ ရှင်သန်နေကြတာပါပဲ။
ဒါပေမယ့် အဲဒီကြက်အုပ်ဟာ အိမ်ယဉ်တယ်၊ လူယဉ်တယ် ဆိုတာတောင် အကိုင် အတွယ်၊ အဖမ်း အဆီးတော့ မခံဘူး။ အိပ်တန်း တက်နေတုန်း မီးထိုးပြီး ဖမ်းရင်ဖမ်း ဒါမှမဟုတ် တွေ့ရာနဲ့ပစ်၊ လေးခွနဲ့ ပစ်ချိုးပြီး အသေအကျိုး ကိုင်ရင်ကိုင်၊ ဒီနည်းပဲရှိတယ်။ မကျန်းမာလို့ ကုပ်နေရင်တောင် အိပ်တန်း မှာ ဖမ်းပြီး ဆနွင်းလေး၊ ငါးပိလေး ခွံပြီး ဆေးကုရ တာမျိုးပါ။ မြန်မာနိုင်ငံမှာ ဗမာကြက်၊ စစ်တကောင်းကြက်၊ တိုက်ကြက်၊ တောကြက်၊ မဂိုကြက်၊ အလှမွေးတဲ့ ခြေတိုကြက်ပုမျိုးကို ကြက်တွေရှိပေမယ့် အခု ဇောင်းပေး ချင်တာက ဗမာကြက်၊ အသားစားကြက်၊ အိမ်မွေးကြက်၊ တစ်နည်းအားဖြင့် ဒေသန္တရကြက် အကြောင်း ဖြစ်ပါတယ်။ ခုတင်က ပြောသလို နိုင်ငံခြား ကြက်မွေးမြူရေးခြံတွေကို ကြည့်ပြီး ဗမာကြက်၊ ဒေသန္တရ ကြက်တွေကို အစဉ်တကျ စီးပွားဖြစ် မွေးရင်ရနိုင်တယ်လို့ ကျွန်တော် တွက်မိပါတယ်။ ဒါနဲ့ပဲ ကျွန်တော့် တပည့်လေးငါး ယောက်နဲ့ လုပ်ငန်း အကောင် အထည် ဖော်ခဲ့ပါတယ်။ ဒေသန္တရ ကြက်ခြံ လှောင်မွေးမြူရေး လုပ်ငန်းပေါ့။
နေရာက ရန်ကုန်ပဲခူး ကားလမ်းမကြီးရဲ့ဘေး လှည်းကူးမြို့အလွန် အခု ရဲမွန်တပ်မြို့ ဆိုတဲ့ နေရာ တစ်ဝိုက်၊ အစွန်အဖျားမှာ ဖြစ်ပါတယ်။ ဖုန်းဆိုးတော အပင်ပု၊ အငယ် ငယ် တွေရှိတဲ့ နေရာဖြစ်ပြီး မနီးမဝေးမှာ စမ်းပေါက်လို အိုင်ငယ်လေးတွေလည်း ရှိပါတယ်။ ကုန်းကျကျ နေရာမှာ ပေခြောက်ဆယ်၊ ရှစ်ဆယ် အကွက် ရိုက်ပြီး လက်ခုပ် တစ်ဖောင် လောက် ဝါးမျက်ကွက်ကာ လိုက်ပါတယ်။ ခြံအတွင်းမှာ အရိပ်ခိုလို့ ရမယ့် မနိမ့်မမြင့် အပင်တွေနဲ့ ကြခတ်ဝါး တစ်ရုံနှစ်ရုံ ခြေခင်းလက်ခင်း သာအောင် ကိုင်းတက် ကိုင်းလက်တွေ သင်ထားပြီး ကျန်တာ အပြောင်ရှင်း လိုက်ပါတယ်။ ခြံစည်းရိုးအပြင်ဘက် ဆယ်ပေပတ်လည် မီးတားလမ်း ရှင်းပြီး ခြံထဲမှာ ငါးပေ၊ ဆယ်ပေ၊ ငါးခန်းတွဲ တစ်ဖက်ရပ် ကြက်ဥ တင်းတဲတန်းနဲ့ ဆယ်ပေ ပတ်လည် လူနေတဲ ကလေးတစ်လုံး ဆောက်လိုက် ပါတယ်။ အမိုးအကာ ကတော့ အနီးအနားက ရုံး၊ ဓနိ၊ တောင် ထန်း၊ သက်ကယ် ပေါချောင် ကောင်း ဝယ်ပြီး၊ ဝါး ကြမ်းခင်း ထရံကာ လိုက်တာပေါ့။ တော်ရုံတန်ရုံ ပစ္စည်း ဥပမာ တိုင်တို့ တန်းတို့နှီးတို့ကတော့ လက်ဖြစ်တွေပါပဲ။ ကုန်ကုန် ပြောရရင် ဥတင်းတောင် ကိုယ်တိုင် ရက်ကြတာပါ။ ပြီးရင် ရေစပ်နဲ့ နီးတဲ့ ခြံထောင့်မှာ လက်တွင်းတူး လိုက်တာ ဆယ်ပေ မကျော်ဘူး၊ သုံးရေ ထွက်လာတယ်။ တွင်းဝကို ဝါး နက်သုံးလေး လုံးလောက် သပ်လျှိုပြီး ခင်းလိုက်တဲ့အခါ လက်ငင်ပုံးနဲ့ ရေခပ်လို့ ရသွားရောဆိုပါတော့။ လှည်းကူး ဈေးထဲက သံဖြူရေပန်းခရား ပုံးနှစ်လုံးတော့ ဝယ်လိုက်တယ်။
Infrastructure လို့ပြောနေကြတဲ့ အခြေခံ အဆောက်အအုံ ပြီးသွားတော့ ထောက်ကြံ့၊ လှည်းကူးနဲ့ ရွာနီးချုပ်စပ်က ကြက်တွေ ဝယ်ပါတယ်။ မဒန်းမ ဆယ်ကောင်ကို ကြက်ဖ တစ်ကောင်နှုန်း ပျမ်းမျှထားပြီး ကြက်အကောင် ငါးဆယ်ကျော် သွင်းတယ်။ လန်းလန်း ဆန်းဆန်း ရှိတဲ့အကောင်တွေကို စိတ်ကြိုက် ပိဿာချိန်နဲ့ ဖြတ်ဝယ်တာမို့ ဈေးသင့်ပါရဲ့။ အရေးကြီး တာက အဲဒီကြက်တွေ ခြံထဲ မလွှတ်ခင် ထိန်းထားတုန်း ဒေသန္တရ ကျန်းမာရေး ဆေးခန်းနဲ့ ချိတ်ပြီး တိ၊မွေး၊ကု ဆရာနဲ့ ကာကွယ်ဆေးထိုး၊ လိုအပ်တဲ့ အကြံဥာဏ် တောင်းတာပါပဲ။ တစ်ချိန်ထဲမှာ ခြံတွင်းစိုက်ပျိုးရေး လုပ်တယ်။ ဆယ်ပေ၊ သုံးပေစိုက် ပေါင်သုံးလေးခုပြင်တယ်။ တစ်ခုချင်းကို ကြက်တွေ မယက်အောင်ကာ ထားတယ်။ ပေါပေါလောလော ရတဲ့ ရွက်စားမုန်လာတို့ ဟင်းနုနယ်တို့ အလှည့်ကျ စိုက်ထားတယ်။ တစ်ခင်း အညှောက်ထွက်လို့ အပင်ပေါက်ရင် နောက်တစ်ခင်း ပျိုးကျဲတယ်။ ခြံထဲက ကြက်တွေ အတွက် အပင်ပေါက် တစ်ခင်းလှပ်ပေး၊ ကုန်သွားရင် နောက်တစ်ခင်းက ဖြစ်နေပြီ။ အခင်း ဟောင်းမြေပြင်၊ အခင်းသစ်ကို အစာစိမ်းအဖြစ် ထားတယ်။ သူတို့ စိတ်ကြိုက်ယက် ပြီး စားပါစေပေါ့။ လူလည်း စားတာပါပဲ။ အစာကြမ်း အတွက်တော့ ပေါပေါပဲပဲ ဆန်ကွဲလေး၊ ထမင်းကျန်လေး တွေပေါ့။ ဖြည့်စွက်အစာ အနေနဲ့ ဒေသခံ ဟာလာစက်က ထွက်တဲ့ စပါးမှော်၊ ပဲမှော် ကျုံးချိန်နဲ့ အလကားနီးပါးရတဲ့ ဟာတွေ ကျွေးပါတယ်။ ဒီလိုနဲ့ မွေးလိုက်တာ အိပ်တန်းမှန်တယ်။ ဥတင်း မှန်တယ်။ အကောင်ပေါက် တော့လည်း သူ့ဘာသာ ဘာဝ ထိန်းသွားကြတာပဲ။ ခြံခုန်ချင်တဲ့ကောင် အတောင်ညှပ်၊ ကြက်ဖတွေများလာရင် အနုတ်အသိမ်း လုပ်ပေးနဲ့ ခြံမှာ တစ်ယောက် တစ်လှည့် ကြည့်ပေးရင်းနဲ့ လုပ်စရာ ရှိတာ ညီညီညွတ်ညွတ် လုပ်သွားကြတာပါ။ အကျိုးတူ စိတ်တူမို့ ပျော်စရာ ကောင်းပါတယ်။ ပင်မအလုပ် မပျက်ပဲ လုပ်ခဲ့ကြတာပါ။ စိတ်အထင် ပြောရရင် တစ်နှစ်ပတ်လည်မှာ ကြက်မ ဥနှုန်းက ၇၀ ကျော် ၈၀ လောက်ရှိမယ်ထင်ရဲ့။ မိတ်ဆွေ အပေါင်း အသင်းလိုဖြစ်နေတဲ့ တိရစ္ဆာန်ဆရာဝန်ရဲ့ အကူအညီ တွေလည်း ပါသပေါ့။ အဖိုးနည်းဝန်ပါ အကျိုးမြတ် ကောင်းကောင်းရှိ့တဲ့ မွေးမြူရေး လုပ်ငန်းပါပဲ။ တော်ရုံတန်ရုံ ရေမြေရာသီဥတုနဲ့ ရောဂါဘယ ဒဏ်ခံနိုင်ပြီး နိုင်ငံခြားကြက်တွေလို ကရိကထမများဘဲ သူ့ဝန်သူထမ်း သွားကြတဲ့ ဒေသန္တရ ကြက်တွေ ဆိုပါတော့။
အခုလိုပြောလို့ အစစအဆင်ချော တယ်လို့တော့ မဟုတ်ပါဘူး။ စောင့်ထိန်း လိုက်နာရမယ့် စည်းကမ်းတွေ ရှိပါသေးတယ်။ ခြံထဲကကြက်ကို သတ်မစား ရရုံတင်မဟုတ်၊ ခြံထဲမှာ ကြက်သား ဟင်းမစားရပါဘူး။ ငေါင်နေတဲ့ ကြက်၊ ကုပ်နေတဲ့ ကြက်တွေ့ရင် အမြန်ဆုံးဖမ်း၊ ဆရာဝန်ပြ၊ မရရင် အဝေးမှာ လက်စတုံးပစ် လိုက်ရပါတယ်။ ခြံသန့်ရှင်း ရေးလုပ် ရတယ်။ အချိန် တန်ရင် ညအိပ်တန်းမှာ အုပ်စုလိုက် ဖမ်းပြီး ကာကွယ် ဆေးထိုးပေးတယ်။ များသော အားဖြင့်တော့ အကောင်ပေါက်တွေ အတွက် တစ်ချီကောင်းပါပဲ။ ကြက်ရေသောက်ဖို့ အင်တုံပက် ကလေးတွေ ချထားတာမို့ ရေမှန်မှန် သန့်ပေးတယ်။ တစ်ခါတစ်လေ ညဘက်မြွေပါး ကင်းပါး မီးထိုးကြည့်ပေးရတယ်။ ကြက်ဥသူခိုးနဲ့ လင်းမြွေလာ တတ်ပါတယ်။ ကြက်တွေ အော်ရင် ထကြည့်ပြီး နှိမ်နင်းရတာပေါ့။ ဒါပေမယ့် ဖြစ်ခဲပါတယ်။ ခြံလုပ်သက် အတွင်း တောကြောင် တစ်ကောင်နဲ့ မြွေတစ်ကောင်ပဲ ရဖူးပါရဲ့။
မြန်မာ့ကျေး လက်ဒေသ မှာ ဒေသန္တရ ကြက်ခြံလှောင် စနစ်လုပ်ကြမယ် ဆိုရင် တစ်အိမ်တစ်ခြံ ဖြစ်ဖို့ အကြောင်း မရှိပါဘူး။ သင့်မယ့်နေရာ ရွာစွန် ရွာဖျားမှာ ဆယ်အိမ်ခေါင်း တစ်ပိုင် လောက် ဘုံစနစ်၊ သမဝါယ စနစ်မျိုးနဲ့ စုပေါင်းမွေးမြူမှ ဖြစ်မှာပါ။ မလိမ်မကောက်၊ မဖောက် မညစ်တဲ့ ကာလသားတွေကို အခြေခံပြီး စေတနာမှန်မှန်၊ စည်းကမ်း ရှိရှိနဲ့ တကယ် လုပ်ရင် တကယ်ဖြစ်နိုင်ကြောင်း ဆရာဒေါက်တာရဲမြင့်(တိ၊ မွေး၊ ကု)ရဲ့ တင်ပြချက်ကို သွက်သွက်ကြီး ထောက်ခံလိုက်ရ ကြောင်းပါဗျား။
ဇော်ဟိန်း
No comments:
Post a Comment