ကုမ္ပဏီအသစ် လျှောက်ထားခြင်းနှင့် သက်တမ်းတိုးမှုများကို အွန်လိုင်းစနစ် ပြောင်းလဲမည် (မျက်ရှု မဂဇင်းမှ ကူးယူဖော်ပြထားသည်)
နေပြည်တော်ရှိ အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနရုံးတွင် ကုမ္ပဏီအသစ် ထူထောင်ရန်အတွက် မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းကို အွန်လိုင်းစနစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရှိရသည်။အဆိုပါ ကုမ္ပဏီများ အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးရာတွင် ယခင်က နေပြည်တော်သို့ သွားရောက်ပြီး လျှောက်ထားနိုင်ရာ ယခုနှစ်အတွင်း အွန်လိုင်းမှ လျှောက်ထားလုပ်ကိုင်နိုင်သည့် စနစ် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီအသစ် ထူထောင်သူများသည် မှတ်ပုံတင်ကြေးအဖြစ် ငွေကျပ် ၁၀ သိန်း ပေးသွင်းရမည်ဖြစ်ပြီး ကုမ္ပဏီဖွဲ့စည်းခွင့် မှတ်ပုံတင်ကတ် (ယာယီ) ကိုလည်း သုံးနာရီအတွင်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
“ဒါရိုက်တာအမည်၊ နေရပ်လိပ်စာ အပြည့်အစုံ မှန်ကန်တယ်ဆိုရင် ကုမ္ပဏီ မှတ်ပုံတင်ကြေး ကျပ် ၁၀ သိန်း တစ်ခါတည်း ပေးသွင်းရမယ်။ ပြီးရင် ခြောက်လသက်တမ်းရှိတဲ့ ကုမ္ပဏီ ဖွဲ့စည်းခွင့် မှတ်ပုံတင် ယာယီကတ်ပြားကိုလည်း သုံးနာရီအတွင်း ထုတ်ပေးနေပါပြီ” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ ညွှန်ကြားရေးမှူး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့နောက် ကုမ္ပဏီအသစ် ထူထောင်လိုသူများ အနေဖြင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် အွန်လိုင်းမှ လျှောက်ထားနိုင်ရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း အဆိုပါ ပုဂ္ဂိုလ်မှ ဆက်လက် ပြောသည်။
“အွန်လိုင်းကနေ ကုမ္ပဏီအသစ် လျှောက်ထားလို့ ရတော့မယ်ဆိုတော့ အဆင်ပြေတာပေါ့။ ငွေလွှဲရတာတို့၊ နေပြည်တော်ထိ သွားရတာတို့အတွက် အချိန်မကုန်တော့ဘူးပေါ့။ ပြီးတော့ အခုဆို ကုမ္ပဏီအသစ် ထူထောင်ဖို့ဆိုရင် အရင်ကလို မခက်ခဲတော့ဘူး” ဟု ကုမ္ပဏီအသစ် မှတ်ပုံတင်ရန် လာရောက်လျှောက်ထားသူ တစ်ဦးက ပြောသည်။
ခြောက်လသက်တမ်းရှိသော ကုမ္ပဏီမှတ်ပုံတင် ယာယီကတ်ကို သက်တမ်းတိုးချင်သူများ အနေဖြင့် စာရွက်စာတမ်း ပြည့်စုံပါက ငွေကျပ် ငါးသိန်းပေးသွင်းပြီး နေ့ချင်းပြီး ရရှိနိုင်ကြောင်း သိရသည်။