Showing posts with label ဗဟုသုတများ. Show all posts
Showing posts with label ဗဟုသုတများ. Show all posts

မြေငှားစာချုပ် (ဂရန်) အကြောင်းသိကောင်းစရာများ

မြေငှားစာချုပ် (ဂရန်) အကြောင်းသိကောင်းစရာများ(ထွန်းမြနန္ဒာမှကူးယူဖော်ပြသည်)
 
မြို့/မြေမှဆောင်ရွက်ပေးသည်
မြေငှားစာချုပ် (ဂရန်) အသစ်ထုတ်ပေးခြင်း
မြေငှားစာချုပ် (ဂရန်) မိတ္တူထုတ်ပေးခြင်း
မြေငှားစာချုပ် (ဂရန်) သက်တမ်းတိုးပေးခြင်း
မြေငှားစာချုပ် (ဂရန်) ခွဲစိတ်ပေးခြင်း
မြေအမည်ပေါက်ပြောင်းလဲပေးခြင်း
ဒီမြေတွေကို ဂရန်လျှောက်နိုင်သည်
လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေ ဂရန်သစ်လျှောက်လျှင် ဘာတွေလိုသလဲ
နိုင်ငံသား စီစစ်ရေး ကတ်ပြား
ပါမစ် (သို့) လိုင်စင် မိတ္တူ
မှတ်ပုံတင် စာချုပ်စာတမ်း (စကွာတာမြေ)
နောက်ဆုံးပေးဆောင် ထားသည့် မြေခွန်ပြေစာ (မူရင်း) တို့နှင့်အတူ
ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်လျှောက်ထား ရမည်။
စီစစ်/လက်ခံခြင်း
အထောက်အထားမိတ်္တူများကို မူရင်းနှင့် တိုက်ဆိုင်စီစစ်ပါသည်။
တင်ပြသည့် အထောက်အထားများနှင့် မြေစာရင်းရှိ အထောက်အထားများ တူညီမှန်ကန်မှု ရှိပါက မြို့နယ်ထွေ/အုပ်ဦးစီး အုပ်ချုပ်ရေးမှူး ရုံးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများတွင် (၁၄)ရက်အတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာပါသည်။
အမည်ပေါက် မဟုတ်ပါက သတင်းစာတွင် (၁၄) ရက်အတွင်း ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာပါသည်။
ဂရန်သစ် ထုတ်ပေးခြင်း
ကန့်ကွက်မှု တစ်စုံတစ်ရာ မရှိပါက ဌာနမှ ခွင့်ပြုပေးပြီး သတ်မှတ်ဝန်ဆောင်ခများ ပေးသွင်းရပါမည်။
ပါမစ် (သို့) လိုင်စင် မူရင်းကို ဌာနသို့ အပ်နှံ ရပါမည်။
ဌာနမှူးနှင့် လျှောက်ထားသူတို့သည် နှစ်ဖက်သက်သေ (၁)ဦးစီဖြင့် မြေဌား စာချုပ်ပေါ်တွင် လက်မှတ်ရေး ထိုး၍ မြေငှားစာချုပ် (ဂရန်) ထုတ်ပေးပါသည်။
ဒါတွေ သင်လုပ်ရမည်
လျှောက်ထားသူသည် ရရှိသည့် မြေငှားစာချုပ် (ဂရန်) တွင် အခွန်ရုံးမှ မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် ဥပဒေအရ သတ်မှတ်နှုန်းအတိုင်း အထူးကပ် တံဆိပ်ခေါင်း ကပ်ရပါမည်။
မြေငှားစာချုပ် (ဂရန်) ထုတ်ပေး ခံရသူ အမည်ဖြင့် (၃)လတစ်ကြိမ်၊ (၁)နှစ်လေးကြိမ် စည်းကြပ် သော မြေငှားရမ်းခ (မြေခွန်) ပေးဆောင်ရမည်။
သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးသောအခါ ဂရန်စာချုပ် သက်တမ်းတိုး လျှောက်ထားရမည်။
မြေငှား စာချုပ် (ဂရန်) ပျောက်ဆုံး/ပျက်စီးလျှင်
မြေငှားဂရန် စာချုပ်မူရင်း ပျောက်ဆုံးလျှင် သော်လည်းကောင်း၊ ပျက်စီးလျှင် သော်လည်းကောင်း မြေဌားဂရန် စာချုပ်မိတ္တူ လျှောက်ထားနိုင် ပါသည်။
ထိုသို့လျှောက်ထား လာပါက မူလ အမည်ပေါက်ဖြင့်ပင် မြေငှားစာချုပ် (ဂရန်) မိတ္တူမှန် ထုတ်ပေးပါမည်။
မြေငှားစာချုပ် (ဂရန်) ပျောက်ဆုံး/ပျက်စီးလျှင်
နိုင်ငံသားစိစစ်ရေးကတ်ပြား
မြေငှားဂရန် စာချုပ် အမှန်တကယ် ပျောက်ဆုံးပျက်စီးကြောင်း တရားရုံး ကျမ်းကျိန်လွှာ
ပျောက်ဆုံးခြင်းကြောင့် ဖြစ်ပါက မြို့နယ်ထွေ/အုပ်ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်၊ ရဲစ ခန်းသို့ တိုင်ကြားချက်
မှတ်ပုံတင် စာချုပ်စာတမ်း (သို့) တရားရုံး စီရင်ချက်နှင့် ဒီဂရီအရ လျှောက်ထားခြင်းဖြစ်လျှင် ယင်း အထောက်အထားများ နောက်ဆုံးပေးဆောင် ထားသည့် မြေခွန်ပြေစာ (မူရင်း) တို့နှင့်အတူ ဌာနမှ သတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ လျှောက်ထားရမည်။
စီစစ်ထုတ်ပေးခြင်း
မြို့နယ် ထွေ/အုပ်ဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများတွင် (၁၄) ရက် အတွင်း ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်းနှင့် သတင်းစာများတွင် သီးခြားကြော်ငြာခြင်းတို့ကို ပြုလုပ်ပါသည်။
ကန့်ကွက်သူ မရှိ၊ တရားရုံး အမှုအခင်းများ ကင်းရှင်းပြီး မြေပြင်တွင် ပြဿနာ တစ်စုံတစ်ရာ မရှိပါက ဂရန်သစ် ထုတ်ပေးစဉ် သကဲ့သို့ပင် သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး မြေငှားဂရန် မိတ္တူ ထုတ် ပေးပါသည်။ ဂရန် မိတ္တူတွင် အခွန်တံဆိပ်ခေါင်း ကပ်ရန် မလိုပါ။
မြေငှားစာချုပ်(ဂရန်)သက်တမ်းတိုးခြင်း
သတ်မှတ်ထားသော သက်တမ်းကာလ ကုန်ဆုံးသောအခါ သက်တမ်းတိုး လျှောက်ထားရမည်။
အမည်ပေါက်သူ၊ မှတ်ပုံတင် စာချုပ် အဆင့်ဆင့်ဖြင့် နောက်ဆုံး ပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနှင့် ပတ်သတ်၍ တရားရုံး စီရင်ချက်နှင့် ဒီဂရီ ရထားသူကသာ လျှောက်ထားနိုင်သည်။
ဌာနမှ သတ်မှတ်ပုံစံ နှင့်အတူ နိုင်ငံသား စီစစ်ရေး ကတ်ပြား၊ သက်တမ်းကုန် ဂရန်နှင့် အမည်ပေါက် ပိုင်သူ မဟုတ်ပါက ပိုင်ဆိုင်မှု စာချုပ်စာတမ်း (သို့) တရားရုံး စီရင်ချက် ဒီဂရီနှင့် နောက်ဆုံးပေး ဆောင်ထားသည့် မြေခွန်ပြေစာ မူရင်းတို့ဖြင့် လျှောက်ထား ရမည်။
ဂရန်သစ် လျှောက်ထားစဉ် ကကဲ့သို့ပင် စီစစ်ပြီး သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေ၍ မြေငှားဂရန် စာချုပ်အား ထုတ်ပေးပါသည်။
သက်တမ်းကုန်ဆုံးသော ဂရန်အား ပြန်လည်အပ်နှံ ရမည်ဖြစ်ပြီး ဂရန်ပျောက်ဆုံး နေပါက သတ်မှတ် ဒဏ်ကြေးငွေ ပေးဆောင်ရမည်။
မြေငှားဂရန် စာချုပ် ခွဲစိတ်ပေးခြင်း
သက်တမ်းရှိ မြေငှားဂရန် စာချုပ်ကို ဂရန်ခွဲအဖြစ် ထုတ်ပေးနိုင် ပါသည်။
ဌာနမှ သတ်မှတ်ပုံစံ နှင့်အတူ နိုင်ငံသား စီစစ်ရေး ကတ်ပြား၊ ပိုင်ဆိုင်မှု အထောက်အထားများ နှင့်အတူ ဌာနမှ ခွင့်ပြုထုတ်ပေး ထားသည့် မြေကွက်ခွဲ အတည်ပြု ပုံစံနှင့် မြေကွက်ခွဲစိတ် တိုင်းတာသည့် မြေပုံများ တင်ပြရမည်။
အမည်ပေါက် ကိုယ်တိုင်မှ လျှောက်ထားလျှင် သတင်းစာ ကြော်ငြာခြင်း မပြုလုပ်ဘဲ အမည်ပေါက် သူမှ လျှောက်ထားခြင်း မဟုတ်ပါက သတင်းစာတွင် (၁၄) ရက် အချိန်ပေး ကြော်ငြာ ပါသည်။
ကန့်ကွက်သူ မရှိပါက သတ်မှတ် ၀န်ဆောင်ခ ပေးသွင်းစေပြီး မြေကွက် အမှတ်သစ်ဖြင့် ဂရန်ခွဲထုတ် ပေးပြီး မူလမြေငှားဂရန် စာချုပ်အား ပြန်လည်သိမ်းယူ ပါသည်။
မူလမြေငှား စာချုပ်(ဂရန်)၏ အစိတ်အပိုင်းကိုသာ ဂရန်ခွဲထုတ်ခြင်း ဖြစ်ပါက ထိုသို့ဂရန်ခွဲထုတ် ကြောင်းကို မူလမြေငှား စာချုပ်ပေါ်တွင် ရေးမှတ်ပေးပါသည်။
ဂရန်ခွဲ ထုတ်ပေးသူ အမည်ဖြင့် မြေခွန်စည်းကြပ်နိုင်ရေး ဆောင်ရွက်ပါသည်။
မြေအမည်ပေါက် ပြောင်းလဲပေးခြင်း
မြေပိုင်မြေ၊ မစိုက်ပျိုးသော ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိ မြေပိုင်မြေနှင့် သက်တမ်းရှိ မြေငှားဂရန် မြေတို့ကို မြေအမည်ပေါက် ပြောင်းလဲသတ်မှတ် ပေးပါသည်။ 
ဌာနမှ သတ်မှတ်ပုံစံ နှင့်အတူ နိုင်ငံသား စီစစ်ရေးကတ်၊ မြေပိုင်မြေဖြစ်ပါက အမည်ပေါက် စာချုပ် ဂရန်မြေ ဖြစ်ပါက မြေငှားဂရန်၊ နောက်ဆုံးပေးဆောင် ထားသည့် မြေခွန်ပြေစာ၊ စာချုပ် အဆက်ဆက်ဖြင့် ပိုင်ဆိုင်သူ ဖြစ်ပါက စာချုပ်စာတမ်း၊ တရားရုံး အမိန့်ရရှိထားသူ ဖြစ်ပါက ပိုင်ဆိုင်မှုနှင့် ပတ်သတ်၍ စီရင်ချက်နှင့် အမိန့်ဒီဂရီများနှင့် လျှောက်ထားရမည်။ 
ဂရန်သစ် လျှောက်ထားစဉ် သကဲ့သို့ပင် စီစစ်ပြီး ကန့်ကွက်သူ မရှိပါက သတ်မှတ်ဝန်ဆောင်ခ ပေးသွင်းစေပြီး စာချုပ်မူရင်း (သို့) မြေငှားဂရန် မူရင်းတွင် အမည်ပြောင်းလဲခြင်း မှတ်တမ်းရေး ဖြည့်၍ ပြန်လည်ထုတ်ပေး ပါမည်။ ဂရန်မြေ ဖြစ်ပါက အမည်ပြောင်း၍ မြေခွန်စည်းကြပ်နိုင်ရေး ဆက်လက်ဆောင်ရွက် ပါသည်။

ကုမ္ပဏီဖွဲ့စည်းခြင်းနှင့် သက်ဆိုင်သော အခက်အခဲများ

ကုမ္ပဏီဖွဲ့စည်းခြင်းနှင့် သက်ဆိုင်သော အခက်အခဲများ(ထွန်းမြနန္ဒာမှကူးယူဖော်ပြသည်)

တိုးတက်ပြောင်းလဲနေသော ပြည် ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူ အများအပြား မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ် နှံရန် လာရောက်တော့ မည်ဖြစ်သလို မြန်မာနိုင်ငံသား များလည်း ရင်းနှီး မြှုပ်နှံ ကြတော့မည် ဖြစ်သည်။ ထို့ကြောင့် ကုမ္ပဏီ စတင်တည်ထောင် ရာတွင် လွယ်ကူမြန်ဆန်ရန်၊ အခြား နိုင်ငံများတွင် ဆောင်ရွက်ပေး ကြသည် များနှင့်လည်း တစ်ပြေးညီ ရှိကြရန်နှင့် ဥပဒေ အတိုင်း လိုက်နာကြရန် လိုအပ်ပါ သည်။
နိုင်ငံခြားမှ လာသူများသည် ဥပဒေကို ဖတ်ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ကုမ္ပဏီမှတ်ပုံတင်ရာ တွင် ဥပဒေကိုထောက်ပြီး မေးလာသည့် အခါ ဖြေကြားနိုင်ရန် လိုပါသည်။ ဥပဒေ က ဤသို့ ဆိုသော်လည်း ထိုသို့ လုပ်ရ သည်ဟုဆိုလျှင် မကျေနပ်ကြပါ။ ဥပဒေ အတိုင်း မလုပ်ဘူးလား၊ ဥပဒေ ဘယ်တုန်း က ပြင်သလဲ၊ ပြပါ ဟုမေးသည့် မေးခွန်း များမှာ အလွန်ဖြေရ ခက်သော မေးခွန်း များဖြစ်ပါသည်။
ကုမ္ပဏီ မှတ်ပုံတင်ရာတွင် ပထမဆုံး ကြုံတွေ့သည်က အမည်ရွေးခြင်း ဖြစ်ပါ သည်။ ကုမ္ပဏီ အမည်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကုမ္ပဏီ အက်ဥပဒေ ပုဒ်မ - ၁၁ တွင် အတိအလင်း ပြဋ္ဌာန်း ထားပါသည်။ မှတ်ပုံတင် တင်ပြီးဖြစ်သော အခြား ကုမ္ပဏီ၏ အမည်နှင့် တူညီခြင်း မရှိစေရ။ လူအများက ထိုကုမ္ပဏီဟု ထင်ယောင်ထင်မှား ဖြစ်စေနိုင်သော ရည်ရွယ်ချက် ဖြင့်ပေးသော အမည်မျိုးလည်း မဖြစ်စေရ။ နိုင်ငံတော်၊ ဗဟိုဘဏ်၊ ပြည်ထောင်စု၊ သမ္မတ ဟူသော စကားရပ် မပါဝင်စေရ။ နိုင်ငံတော် အစိုးရက ဖြစ်စေ၊ အစိုးရဌာန တစ်ခုခု ကဖြစ်စေ၊ ပံ့ပိုးသည်၊ သို့မဟုတ် ဒေသ ဆိုင်ရာ အဖွဲ့အစည်း တစ်ခုခုနှင့် ဆက်နွှယ်သည်ဟု မှတ်ယူရန် ရည်ရွယ်သော စကားရပ် မပါစေရ။ ဥပဒေက ထိုမျှသာ ပြဋ္ဌာန်း ထားပါ သည်။
ယခုအခါ နိုင်ငံခြား အမည်ဆို လျှင် ဆီလျှော်သည် ဖြစ်စေ၊ မဆီလျှော် သည် ဖြစ်စေ မြန်မာလို အတင်း ဘာသာပြန် ပေးရသည့် ဒုက္ခလည်း မသေးလှပါ။ မြန်မာနှင့် အိမ်နီးချင်း တိုးတက်နေသော နိုင်ငံများတွင် ထိုသို့ မကြားမိပါ။ ကြားနေကျ စကားတစ်ရပ် ရှိပါသေးသည်။ ထိုစကားရပ်မှာ ကုမ္ပဏီများတွင် ရေးပန်းစား နေသော စီအာရ်ဒီ (CRD) ပင် ဖြစ်ပါသည်။ စာရွက်စာတမ်း မှတ်ပုံ တင်ကြောင်း သက်သေခံ လက်မှတ် (Certificate of Registration of Documents) ဟု ဆိုပါသည်။ စာရေးသူသည် ကုမ္ပဏီဥပဒေကို ကျွမ်းကျင်သူ မဟုတ် သဖြင့် ကုမ္ပဏီ ဥပဒေတွင် ထိုစကားရပ် ပြဋ္ဌာန်း ထားသော လုပ်ပိုင်ခွင့်ကို သင်ပြပေးပါက အထူးပင် ကျေးဇူးတင် ပါမည်။
ကုမ္ပဏီတွင် ဒါရိုက်တာ နှုတ်ထွက်သည် ဖြစ်စေ၊ ခန့်သည် ဖြစ်စေ၊ အလိုအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းသည် ဖြစ်စေ၊ ကုမ္ပဏီ လိပ်စာပြောင်းလျှင် ဖြစ်စေ၊ မှတ်ပုံတင်ရုံးသို့ အစည်းအဝေး မှတ်တမ်း၊ စာရင်းရှင်းလင်း ဖျက်သိမ်းပြီးကြောင်း အစီရင်ခံစာမှ အစတို့ကိုတင် သည့်အခါ ထိုရုံးက စီအာရ်ဒီ (CRD) ဆိုသည်ကို ထုတ်မပေးပါက ထိုကုမ္ပဏီ၏ ဆောင်ရွက်ချက်သည် အတည်မဖြစ် ဟုဆိုနေ ကြပါသည်။ ထို စီအာရ်ဒီ (CRD) ဆိုသည်ကို ဥပဒေတွင် ရှာသော်လည်း မတွေ့ပါ။ ဥပဒေအရ ကုမ္ပဏီများ ဆိုင်ရာ မှတ်ပုံ တင်ရုံးသည် ကုမ္ပဏီများဆိုင်ရာ အုပ်ချုပ်ရေးရုံး မဟုတ်ပါ။ ကုမ္ပဏီ၏ အတွင်းရေး ကိစ္စကို အတည်ပြု   ပေးရာ ဌာန မဟုတ်ပါ။ 
ထိုအဖြေရှာရင်း တတ်သိနားလည်သည် ဆိုသူတစ်ဦးက ကုမ္ပဏီ ဥပဒေ ပုဒ်မ - ၂၄၈ (၄) ကိုကြည့်ဟု ဆိုသဖြင့် အပြေးအလွှား ကြည့်ရာ အောက်ပါ အတိုင်း တွေ့ပါသည်။ ပုဒ်မ - ၂၄၈ (၄) ကုမ္ပဏီမှတ်ပုံတင် ရန် လိုအပ်သည့် စာတမ်းဖြစ်စေ၊ မှတ်ပုံ တင်ခြင်းနှင့် ဆက်နွှယ်သော စာတမ်း ဖြစ်စေ၊ မှန်ကန်ကြောင်း အတည်ပြုရန် အတွက် တံဆိပ် ဖြစ်စေ၊ တံဆိပ်များ ဖြစ်စေ ပြုလုပ်ရန် နိုင်ငံတော် သမ္မတက ညွှန်ကြားနိုင်သည်။ စီအာရ်ဒီ (CRD) ဆိုသည်နှင့် မည်သို့ ပတ်သက်ကြောင်း မတွေ့ပါ။ မည်သို့ ပင်ဆိုစေ ထိုစီအာရ်ဒီ (CRD) ဆိုသည် မရှိသဖြင့် အချို့ ကုမ္ပဏီတွင် နုတ်ထွက် သော ဒါရိုက်တာ ကိုလည်း အခြား ဒါရိုက်တာ တို့က ယနေ့အထိ ရှိနေသေး သည်ဟု အဓမ္မပြောနေ ပြီး အသစ် ခန့်သော ဒါရိုက်တာ ကိုလည်း အသိအမှတ် မပြုဟု အငြင်း ပွားနေ ကြသည်။ ထိုကိစ္စမှာလည်း အိမ် နီးချင်းဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် မတွေ့ရပါ။ ဥပဒေတွင်လည်း မတွေ့ရ ပါ။
မြန်မာနိုင်ငံကုမ္ပဏီဥပဒေပုဒ်မ - ၁၄၉ တွင်မူ စာတမ်းအမှတ်အသား (Document) တစ်စောင်ကို စာတိုက်မှ ဖြစ် စေ၊ မှတ်ပုံတင် အရာရှိ အားပေးလျှင် ဖြစ် စေ (Delivered to Him) ၊ ၎င်း၏ ရုံးတွင် ထားခဲ့လျှင်ဖြစ်စေ၊ မှတ်ပုံတင် အရာရှိ အပေါ် အတည်ဖြစ်သည်ဟု ဖော်ပြထားသည်။ ပုဒ်မ - ၁၅၀ တွင် စာတမ်း အမှတ်အသား (Document) ဖြစ်စေ၊ အစည်းအဝေး မှတ်တမ်းဖြစ်စေ၊ မှန်ကန် ကြောင်း သက်သေခံရန် လိုအပ်လျှင် တာဝန်လွှဲအပ်ခြင်း ခံရသော ဒါရိုက်တာ တစ်ဦး လက်မှတ်ရေး ထိုးနိုင်သည်။
ကုမ္ပဏီ၏ တံဆိပ်ခတ်နှိပ်ရန် မလိုဟု ဖော်ပြထား ပါသည်။ သို့နှင့် ကုမ္ပဏီ ဥပဒေပုဒ်မ - ၂၄၈ (၅) ကို ဆက်ကြည့်မိရာ လွန်ခဲ့သော နှစ် နှစ်ခန့်က ကိစ္စရပ် တစ်ခုကို ပြန်လည် သတိရ ခဲ့ပါသည်။
အိမ်နီးချင်းနိုင်ငံ ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံ ကုမ္ပဏီတစ်ခုနှင့် ပတ်သက် ပြီး ဥပဒေအချက် စုံစမ်းမှု (Legal Due Diligence) ပြုလုပ် ပေးရန် ညွှန်ကြား သဖြင့် ကုမ္ပဏီ မှတ်ပုံတင် ရုံးသို့ မိတ်ဆွေ တစ်ဦးအား လွှတ်ခဲ့ ပါသည်။ ယနေ့အထိ အတည်ဖြစ်နေသော ဥပဒေပါ စကားရပ် အတိုင်း ကုမ္ပဏီများ ဆိုင်ရာမှတ်ပုံတင် အရာရှိရုံး (Registrar) သို့ လိပ်မူပြီး သော လျှောက်လွှာ တစ်စောင်တွင် သိလိုသော ကုမ္ပဏီ၏ အချက်အလက်များကို တရားဝင် ထုတ်ပေးပါရန်နှင့် ကျသင့် သော အခကြေးငွေကို ပေးသွင်းပါမည် ဟု မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေ ပုဒ်မ ၂၄၈ (၅) နှင့် အညီလျှောက် ထားခဲ့ရာ ထိုမိတ် ဆွေမှာ အချက်နှစ်ချက်ဖြင့် အကြီး အကျယ်ဆူပူ ကြိမ်းမောင်း ခံရပြီး ပြန်လာ ပါသည်။
ပထမ တစ်ချက်မှာ ကုမ္ပဏီ မှတ်ပုံတင် အရာရှိဟု လိပ်မူခြင်း ဖြစ်ပါသည်။ ညွှန်ကြားရေးမှူးချုပ်ဟု လိပ်မူရမည်ဟု ဆိုပါ သည်။ ကုမ္ပဏီများ ဆိုင်ရာ မှတ်ပုံတင်အရာရှိ ၏ တာဝန်ကို ထမ်းဆောင်နေသူကို ကုမ္ပဏီများ ဆိုင်ရာ မှတ်ပုံတင် ကိစ္စအတွက် လိပ်မူလျှင် ကုမ္ပဏီများ ဆိုင်ရာ မှတ်ပုံတင် အရာရှိဟု လိပ်မူရမည်ဟု ယူဆပါသည်။ ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်အရာရှိ (Registrar) ဟု လိပ်မူရမည်လား၊ ညွှန်ကြားရေးမှူးချုပ် ဟုလိပ်မူ ရမည်လား ကိုလည်း အခြားနိုင်ငံ များနှင့် တစ်ပြေးညီ ဖြစ်စေ ရန်နှင့် နိုင်ငံတကာ အသုံးအနှုန်းကိုလည်း သတိမူ ကြစေချင်၍ တင်ပြရ ခြင်း ဖြစ်ပါသည်။
ဆူပူကြိမ်းမောင်းခံရသော ဒုတိယ အချက်မှာ- သိလိုသော ကုမ္ပဏီဆိုင်ရာ အချက်အလက် များကို ၎င်းတို့က မည်သည့် ဌာနသို့သာ ပေးကြောင်း၊ အပြင်လူက လာတောင်းခြင်း ကိုပင် ကြီးစွာသော အပြစ်ကဲ့သို့ ပြောဆိုခြင်းကို ခံခဲ့ရပါသည်။ ထိုအကြောင်းကို အိမ်နီးချင်းနိုင်ငံမှ သူအားပြန်ပြောရာ မိမိတို့နိုင်ငံတွင် အင်တာနက်ပေါ်တက်ပြီး ကျသင့်ငွေ ပေးလျှင် ချက်ချင်း သိနိုင်သည့် အချက်ကို မသိရလျှင် ထိုကုမ္ပဏီနှင့် မည်သို့အလုပ် လုပ်ရမည်နည်းဟု မေးလာသော မေး ခွန်းအတွက် စာရေးသူတွင် အဖြေမရှိပါ။ နောင်အခါ နိုင်ငံတော်သို့ လာရောက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီတို့သည် မြန်မာ ကုမ္ပဏီနှင့် ပတ်သက်ပြီး စုံစမ်းမှု (Due Diligence) ပြုလုပ်ပေးရန် လိုလားကြ မည် ဖြစ်ပါသည်။ ထိုအခက်အခဲကို ယခု ပုံစံနှင့် မည်သို့မျှဖြေရှင်းနိုင်မည် မထင် ပါ။
မြန်မာနိုင်ငံကုမ္ပဏီဥပဒေပုဒ်မ - ၂၄၈ (၅) ကို သိရှိနားလည်ထားဖို့လိုမည် ထင်ပါသည်။ နိုင်ငံခြား ကုမ္ပဏီ တစ်ခုမှ မြန်မာပြည် တွင် မြန်မာနှင့် ဖက်စပ်ကုမ္ပဏီ တစ်ခု မှတ်ပုံတင်ရာ ထိုနိုင်ငံမှ လိုအပ်သော စာရွက်စာတမ်း များကို မြန်မာ သံရုံးက ထောက်ခံ (Legalize) ပေးခဲ့သဖြင့် ကုမ္ပဏီများဆိုင်ရာ မှတ်ပုံတင်ရုံးသို့ ကုမ္ပဏီ မှတ်ပုံတင်ရန် တင်သွင်းခဲ့ပါ သည်။ လပေါင်းများစွာ ကြာသည့်အခါ စုံစမ်းကြည့်ရာ ထိုစာရွက်စာတမ်းများကို မြန်မာသံရုံးသို့ ပြန်ပို့ခဲ့သည်ဟု သိရ သည်။ အဘယ့်ကြောင့် ထိုသို့ လုပ်ဆောင် သည်ကို မသိရပါ။ မြန်မာဘက်က သူ မှာလည်း စစစ အစစ်ခံရ၊ ရဲ အစစ်ခံရနှင့် အတော် စိတ်ညစ်သွား ပါသည်။ စီးပွား ရေးလုပ်လို၍ ကုမ္ပဏီ တည်ထောင် ပါသည်။ ယခုကဲ့သို့ အစစ်ဆေးခံရန် မဟုတ် ဟု ညည်းညူခဲ့ ပါသည်။ ထိုကိစ္စတွင် ထို သူခံစားခဲ့ရသော အခြားဒုက္ခ များကိုမူ ဤနေရာ၌ မဖော်ပြတော့ပါ။
အဘယ့်ကြောင့် ယင်းသို့ဖြစ်ရသည် ကိုလည်း စာရေးသူ နားမလည်နိုင်သကဲ့သို့ စီးပွားရေး လုပ်လိုသူ များလည်း နား မလည်ပါ။
ကမ္ဘာပေါ်တွင် Tax Haven ဟု ခေါ် သော အခွန်လွတ်ငြိမ်းရာ နိုင်ငံများရှိပါ သည်။ ဥပမာအားဖြင့် British Virgin Islands (BVI), Bermuda ကဲ့သို့သော နိုင်ငံများဖြစ်ပါသည်။ ယင်းနိုင်ငံများတွင် ကုမ္ပဏီများဖွဲ့ပြီး လုပ်ငန်းလုပ်သည့် အခါ အခွန်အခများ လုံးဝမပေးရသည့် နိုင်ငံများရှိသလို အခွန်အခ အလွန်နည်း စွာ ပေးဆောင်ရသော နိုင်ငံများ ဖြစ်ပါ သည်။ ယင်းနိုင်ငံများ၌ သတ်မှတ်ထား သော အခွန်အခများ အလွန် နည်းစွာ ကောက်ခံခြင်း၊ သို့မဟုတ် လုံးဝ မကောက်ခံခြင်း၊ ဥပဒေ စည်းမျဉ်း စည်းကမ်းကို လိုက်နာခြင်း၊ အုပ်ချုပ်မှုကောင်း ခြင်းနှင့် အဂတိ နည်းပါးခြင်း (tax havens are a state, country or territory where certain taxes are levied at a low rates or not at all while offering due process, good governance and a low corruption rates) စသော အင်္ဂါရပ်နှင့် ပြည့်စုံသော နိုင်ငံများဖြစ် ပါသည်။
ထိုနိုင်ငံများက အခွန်အခများ အတွက် သက်သာခွင့်ပေး ထားသောကြောင့် ကုမ္ပဏီ သက်တမ်းတိုးသည့် အပေါ် ပေးရသော သက်တမ်း တိုးကြေး ဖြင့် ၀င်ငွေ အများအပြား ရရှိပါသည်။ မြန်မာနိုင်ငံတွင်မူ ဥပဒေတွင်ဖော်ပြ မထားသော သက်တမ်း တိုးကြေးလည်း နင့်နေအောင် ပေးရသည့်ပြင် အခွန်လည်း မကင်း လွတ်ပါ။ ယခု သက်တမ်း တိုးခြင်းကို ၂နှစ်မှ သုံးနှစ်သို့ ပြောင်း ပေးခြင်း ကိုပင် ကျေးဇူးတင် ရမလို ပြောဆိုသံများ ကြားနေရပါသည်။ သက်တမ်းတိုးခြင်း ဆိုသည်မှာလည်း အထက် ဖော်ပြပါ အခွန်လွတ်ငြိမ်းရာ နိုင်ငံများနှင့် လုံးဝမတူပါ။ ထိုနိုင်ငံများတွင် ငွေလွှဲပြီး သက်တမ်းတိုးကြေး ပေးရုံဖြင့် ကိစ္စပြီး ပါသည်။
 မြန်မာနိုင်ငံတွင်မူ ကုမ္ပဏီမှတ် ပုံတင်ရုံးလုပ်ငန်းနှင့် မဆိုင်သော အခွန် ဆောင်ပြီးကြောင်း လက်မှတ်လည်း ပါရသည်။ ယင်းလက်မှတ်ရရန် မည်မျှကုန်ကျပြီး ခက်ခဲနိုင်သည်ကို သက်တမ်းတိုး ဖူးသူတိုင်း သိပါသည်။ ဖြည့်လိုက်ရ သည့် ပုံစံများကလည်း မနည်းပါ။ ထိုကိစ္စ ကို နေပြည်တော်သို့ တစ်ခေါက် သွားရုံ နှင့်မပြီး။ အဆိုးဆုံးမှာ သက်တမ်းတိုး သည့် လုပ်ငန်းအချိန် ကြာခြင်းကြောင့် ထို အတောအတွင်း ကုမ္ပဏီ မှတ်ပုံတင် ပြရန် လိုအပ်သည့် အခါများတွင် မပြနိုင်ခြင်းပင် ဖြစ်ပါသည်။
စာရေးသူ၏ မိတ်ဆွေတစ်ဦး ပြောပြချက်အရ နှစ်ရှည်လများ သွင်းကုန်၊ ထုတ်ကုန်လုပ်ခဲ့သော ကုမ္ပဏီ တစ်ခုသည် လိပ်စာပြောင်း သည့်အခါ ကုမ္ပဏီရုံးသို့ အကြောင်းကြား ခဲ့သော်လည်း စီအာရ်ဒီ (CRD) ထုတ်မပေး သေးသဖြင့် သွင်းကုန်ထုတ်ကုန် လိုင်စင်လျှောက် မရဟု ဆိုပါသည်။ ဌာနဆိုင်ရာ များလည်း စီအာရ်ဒီ (CRD) ၏ ဩဇာ သက်ရောက်နေခြင်းကို သတိထားစေ ချင်ပါသည်။ ဥပဒေတွင် မပါသည့် မလိုအပ်သော ကိစ္စများကို လျှော့သင့်ပြီဟု သဘောရိုး နှင့် ယူဆပါသည်။ ယခုအချိန်တွင် နိုင်ငံခြားမှ ရင်းနှီးမြှုပ် နှံလိုသူများ၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံလိုသူ များအတွက် လွယ်ကူစွာနှင့် အမြန်ဆုံး ကုမ္ပဏီ ဖွဲ့နိုင်ရန် စဉ်းစားပေး ရမည့်အချိန် ဖြစ်ပါသည်။
အများပိုင် ကုမ္ပဏီများ ဖွဲ့လာတော့ မည်။ ၎င်းတို့၏ လုပ်ငန်းညွှန်းတမ်း (Prospectus)များ စိစစ်ခြင်း၊ အနည်း ဆုံးမတည်ရင်းနှီး ငွေကိစ္စ၊ Statutory Report, Statutory Meeting ကိစ္စများ ပေါ်ပေါက် လာပါမည်။ အများပိုင် ကုမ္ပဏီချင်း ကုမ္ပဏီဝယ်ယူခြင်း (Take-over) ၊ လူနည်းစုအစုဝင်များ၏ အခွင့် အရေး (MINORITY RIGHTS) ၊ ကာ ကွယ်ခြင်း၊ COATTAIL (''TAG ALO NG'') & FORCED (''DRAG ALO-NG'') & BUY-OUT (''SHOTGUN'') စသော ကိစ္စများ၊ INSIDER TRADING နှင့် ပတ်သက်သော ကိစ္စများ၊ ကိုယ်စား မဲထည့်ရန် (Proxy) စည်းကမ်းချက်များ၊ ရှယ်ယာဈေး ကစားခြင်း၊ Short Selling စသော ကိစ္စများနှင့် ပတ်သက်သော စည်းကမ်းချက်များ၊ လက်ရှိ ဥပဒေနှင့် နိုင်ငံတကာ ကျင့်ထုံးတို့ လိုက်လျောညီရေးတို့ကို နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်ရန်၊ နားလည် တတ်ကျွမ်းသူများ နှင့် အသင့်ပြင်ထား သင့်လှပါကြောင်း တင်ပြလိုက် ရပါသည်။